ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Sunday, 4 September 2011

စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ သတင်းနှစ်ပုဒ်ကိုဖတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသော ကျွန်ုပ်


Aye Nyein

စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ သတင်းနှစ်ပုဒ်ကိုဖတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသော ကျွန်ုပ်

(မှတ်ချက်။ ပုံများတင်မရပါ၍ နောက်မှထပ်တင်လိုက်ပါမည်။)

 

(၁)

မင်းဟူသည် တိုင်းသူပြည်သားတို့ကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်အပ်သည်။ မိဘဟူသည် မိမိသားသမီးများ ဒုက္ခခံစား နေရလျှင် မကြည့်ရက်နိုင်သကဲ့သို့ မင်းအစိုးရသည်လည်း ပြည်သူပြည်သားတို့ ဆင်းရဲဒုက္ခရောက်နေလျှင် အလေးထား ဆောင်ရွက်ရမည်သာ ဖြစ်ပေသည်။ သို့မှသာ ပြည်သူပြည်သားအပေါင်းတို့ မှီခိုအားထားရာ၊ ယုံကြည်ကိုးစားရာအဖြစ် သိက္ခာသမာဓိရှိရှိ ရပ်တည်နိုင်မည် မဟုတ်ပါလော။

 

(၂)

 

ကြမ်းပိုးများကို စစ်ကြေငြာလိုက်သည် ဟူသော ကြွေးကြော်သံကိုသာ ကျွန်တော်တို့ရွာမှလူများကြားလျှင် ရီချင်ပါလိမ့်မည်။ မရီပါနှင့်ခင်ဗျား။ ကြမ်းပိုးဒုက္ခကို ကိုယ်တိုင်ခံစားဖူးသူများသာ သိပါလိမ့်မည်။

၂၀၀၈ ခုနှစ်လောက်က ကျွန်တော့်အိမ်သို့ မြန်မာအမျိုးသား အိမ်ငှားတစ်ဦးရောက်လာသည်။ ကို MZYO ဟု ခေါ်၏။ ထိုသူက ၎င်းနှင့်တစ်ပါတည်း ကြမ်းပိုးများကိုပါ သယ်လာသည်။ ကျွန်တော်က မသိ။ သူနှင့်တစ်ခန်းထည်းနေသူ ကိုဝင်းမြင့်တို့က အစ်ကို ဒီလူရောက်လာမှ ကျွန်တော်တို့ ကြမ်းပိုးအရမ်းကိုက်ခံနေရတယ်။ ကောင်းကောင်းမအိပ်နိုင်ဘူး ဟု ဆို၏။

လောကတွင် ကျွန်တော်ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းသော အရာများရှိ၏။ ခြင်၊ ယင်၊ ကြမ်းပိုး၊ ကြွက်၊ သန်း၊ ခြ၊ ပုရွက်ဆိတ် နှင့် ပိုးဟပ်များဖြစ်ပါသည်။ ထိုအကောင်ပလောင်ကလေးများအား တတ်နိုင်သမျှ ဝေးဝေးကရှောင်သည်။ သို့အတွက် ကျွန်တော့်အိမ်တွင် ကြမ်းပိုးမရှိ။ ပုရွက်ဆိတ်မရှိ။ သို့သော် အနှီပုဂ္ဂိုလ်ရောက်လာမှ ကြမ်းပိုးများ တစ်အိမ်လုံးသို့ ပျံ့နှံ့လေတော့သည်။ ဟုတ်ပါ့။ သူမရှိတုံး သူ့အိပ်ယာကို လှန်လှောရှာတော့ ကြမ်းပိုးများမှာ မြို့ရွာတည်ကာ သားသမီးမြေးမြစ် အစုံလိုက် သောက်စားပျော်ပါးလျှက် ရှိသတည်း။

ကြမ်းပိုးအကြီး၊ ကြမ်းပိုးအလတ်၊ ကြမ်းပိုးအငယ်၊ ကြမ်းပိုးအဖိုးအို၊ ကြမ်းပိုးပိစိညှောက်တောက်၊ ကြမ်းပိုးကာလသား၊ ကြမ်းပိုးတစ်ခုလတ်၊ ကြမ်းပိုးဆယ်ကျော်သက်။ အရွယ်စုံ ဆိုဒ်စုံတို့သည် ကုတင်ကြမ်းခင်းများထဲတွင် တစ်မျိုး၊ မွေ့ယာများကို အပေါက်ဖောက်လျှက် တစ်ဖုံ၊ ခေါင်းအုံးစွပ်များအတွင်း တစ်နည်း၊ စာအုပ်များထဲတွင်တစ်သွယ် အိပ်လျှက်၊ ထိုင်လျှက်၊ ငိုက်လျှက်၊ လျှောင်းလျှက်၊ လမ်းလျှောက်လျှက် မြူးတူးပျော်ပါးနေကြသည်ကို အသည်းယားစဖွယ် တွေ့ရလေတော့၏။

အနှီသကောင့်သား အလုပ်ကပြန်လာတော့ သည်ကြမ်းပိုးကိစ္စ အမြန်ရှင်းဘို့ရာ ပြောရ၏။ ကျွန်တော်ပြောတာကို သူကတော့ ဘယ်ကဲ့သို့ သဘောပေါက်သည်မသိ။ ပိုနေမြဲ၊ ကျားနေမြဲတည်း။ သည်ကြမ်းပိုးတပ်မထဲ သူမည်ကဲ့သို့ အိပ်သနည်းဆိုသည်ကို ကျွန်တော် စဉ်းစားလို့မရ။

သုံးခါလောက်ပြောသော်လည်း ဘာမှမလှုပ်ရှားသဖြင့် လကုန်လျှင် အိမ်ပြောင်းပါရန် ၀မ်နင်ပေးလိုက်ရတော့သည်။ သူပင်ပြောင်းသွားသော်ငြား ကြမ်းပိုးများမှာ ကျွန်တော့်တစ်အိမ်လုံး ပျံ့နှံ့ကျန်ခဲ့ပါတော့သည်။ နောက်တော့ ထိုကုတင်၊ မွေ့ယာ၊ ခေါင်းအုံး။ သူနေသွားသော အခန်းရှိပစ္စည်းအားလုံးကို လွှင့်ပစ်လိုက်ပါသည်။ သို့သော် ကျွန်တော့်စာအုပ်များအကြားတွင် တစ်ကောင်စ နှစ်ကောင်စ ကပ်ကျန်သည်မှအစ ယခုတိုင် ကျွန်တော့်မှာ ကြမ်းပိုးများနှင့် နပမ်းလုံးနေရဆဲ ဖြစ်ပါသည်။

တစ်ခါတရံ ကြမ်းပိုးများကြောင့် ကျွန်တော့်မှာ နာရီပြန် ၂ ချက်တီးလောက်ကြီးနိုးလာကာ ကြမ်းပိုးရှာရသည်။ ပြန်အိပ်တော့ အိပ်မရတော့။ ဟိုဘက်လှိမ့်လိုက်၊ သည်ဘက်လှိမ့်လိုက်နှင့် မိုးစင်စင်လင်းရသည်။ တစ်ခါဖြန်းလျှင် သုံးဗူးနှုံးနှင့် insect killer များဖြင့် ဖြန်းပါသည်။ သို့သော် မဖြန်းဘဲထားတာ ဟုတ်တုတ်တုတ်။ ဆေးဖြန်းပြီးမှ ပိုများများလာသည်။

ချုပ်လိုက်သော် ကြမ်းပိုးဒုက္ခ မသေးလှကြောင်း ကျွန်တော် ကောင်းကောင်းသိသွားပါတော့သတည်း။ သို့အတွက် -

MP က ကြမ်းပိုးများကို စစ်ကြေငြာကာ အပြတ်တိုက်ထုတ်မည့် စီမံချက်ကိုဖတ်လိုက်ရသောအခါ ကျွန်တော့်မှာ ထိုတိုက်များရှိ အဖိုးကြီး၊ အဖွားကြီးများအတွက် အတော်ကလေး နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာ ခံစားမိပါသည်။

 

ယခု သြဂုတ်လ ၂၅ ရက်နေ့ Straits Times သတင်းစာတွင် Tanjong Pagar GRC မှ MP (Member of Perliment) ဖြစ်သူ ဒေါက်တာလီလီနီယို (ဓါတ်ပုံပါ အမျိုးသမီး) က သူ့ပိုင်နက်နယ်မြေအတွင်းရှိ Kreta Ayer-Kim Seng ရပ်ကွက်နေ ပြည်သူများ ထံမှ တစ်လလျှင် ကြမ်းပိုးကိုက်ကြောင်း တိုင်ကြားစာ ၁၀ စောင်ခန့်ရရှိနေကြောင်း၊ ထိုရပ်ကွက်နေသူ အိမ်ထောင်စု ၁၅၀ ခန့်အနက် ၄၀ ရာခိုင်နှုံးမှာ ဤပြဿနာနှင့်ရင်ဆိုင်နေရကြောင်း။ သို့အတွက် ဤရပ်ကွက်အတွင်းမှ တိုက်များကို တစ်ခုချင်းစီ ကြမ်းပိုးအပြတ်နှိမ်နှင်းရေး စီမံကိန်းချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါလာပါသည်။ ဤကဲ့သို့ နေအိမ်တိုက်တာများတွင် ကြမ်းပိုးနှိမ်နှင်းရေးကို စီမံချက်ချ ဆောင်ရွက်သည်မှာ စင်ကာပူတွင် ယခု ပထမဆုံးအကြိမ်ဖြစ်ဖွယ် ရှိကြောင်းလည်း ဖော်ပြ ထားပါသည်။

ဤသတင်းသည် အခြားသူများအတွက် ထူးချင်မှထူးပါမည်။ သို့သော် ကြမ်းပိုးဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ ခံစားထားရသူ ကျွန်တော့်အတွက်ကား မင်္ဂလာသတင်း ဖြစ်ပါသည်။ အထူးသဖြင့် ဤတိုက်များမှာ အိမ်မ၀ယ်နိုင်သဖြင့် ငှားရမ်းနေထိုင်ကြသူများ ဖြစ်သည်။ အများစုမှာ အဖိုးကြီး အဖွားကြီးများဖြစ်၏။ ဆင်းရဲသားများဖြစ်သောကြောင့်လည်း စားဖို့တောင် အနိုင်နိုင်လုပ်နေကြရသည်ဖြစ်ရာ အင်မတန်ဈေးကြီးလှသော ကြမ်းပိုးဆေးဝယ်ရန် မတတ်နိုင်ပါ။ (ကျွန်တော် Jurong Point NTUC extra ၌ ကြမ်းပိုးဆေးဝယ်တာ ဗူးသေးသေးကလေး တစ်ဗူးကို ၁၆ ကျပ်ခွဲပေးရပါသည်။ တစ်အိမ်လုံး ဖြန်းဘို့ ၃ ဗူးဝယ်တော့ ၅၀ ခန့်ချောသွားပါသည်။ ဒါတောင်မလောက်ချင်။)

            ပထမ Chin Swee Road ရှိ Block No. 51 ကို အရင်ရှင်းမည်။ တိုက်ရှိလူကုန် အားလုံးထွက်ကာ Seniors Activity Centre သို့ မိမိအ၀တ်အစားများသယ်ကာ သွားစုကြရမည်။ စုရပ်တွင် dryer ကြီး ၁၂ လုံးထားပေးမည်။ ထို dryer ကြီးများ အတွင်း မိမိတို့ အ၀တ်များထည့်ရမည်။ Dryer  ကြီးများက အပူချိန် ၆၀ ဒီဂရီထိ အပူပေးမည်။ ထိုအခါ ကိုရွှေကြမ်းပိုးများ အားလုံး ဥများပါမကျန် မာလကီးကုန်မည်။ Pest Management အဖွဲ့များက တိုက်တစ်ခုလုံးရှိ ကြမ်းပိုများကို ကြူပင်ခုတ် ကြူငုတ်ပါမကျန် အကုန်ရှင်းမည်။ ဤသို့ရှင်းရန် တိုက်တစ်လုံးလျှင် အနည်းဆုံး ၄ နာရီကြာမည်။

            ဤသို့ရှင်းသည်ဆိုရာ၌ တစ်ကြိမ်ထည်းလုပ်လို့မရ။ ကြမ်းပိုးများမှာ ၃ လ မှ ၆လ လောက်ကြာလျှင် တစ်ကြော့ပြန် လာတတ်၍ ပုံမှန်ရှင်းနေဘို့လိုသည်။ ကြမ်းပိုးကလေးမှာ သေးသေးကလေး ဆိုပေမင့် ပေါ့သေးသေးကလေး တွက်လို့မရ။ အထပ် ၂၀ ပါ တိုက်တစ်လုံးကို ကျကျနန ရှင်းဘို့ရာ လူ ၁၀၀ ခန့်လိုပြီး ပိုက်ဆံ စင်ကာပူဒေါ်လာ ၂၅၀၀၀၀ လောက် ကုန်မည်။ အားပါးပါး။

              အကောင်သေးပေမဲ့ ဒီအကောင်လေးတွေက ခံနိုင်ရည်အား တော်တော်ကောင်းတယ်။ တော်ရုံနဲ့သေတာ မဟုတ်ဘူး။ ပွားတာလည်း အရမ်းမြန်တယ်။ ကြမ်းပိုးမတစ်ကောင်က တစ်ရက်ကို ဥ ၂၀ လောက်ဥနိုင်တယ်။ သွေးတစ်ခါ စုပ်ထားတဲ့ ကြမ်းပိုးတစ်ကောင်ဟာ ရက်ပေါင်း ၁၅၀ လောက် အသက်ရှင်နေနိုင်တယ် ဟု ဒေါက်တာနီယိုကပြောပါသည်။

            ထိုတိုက်များတွင် နေတာကြာပြီဖြစ်သော အသက် ၆၄ နှစ်အရွယ် အဖွားအို Irene Goh က ဒီလို ကြမ်းပိုးတွေလာ ရှင်းပေးမယ်ဆိုတော့ ၀မ်းသာလိုက်တာကွယ်။ ငါတို့ ဒီမှာနေတာ ၄ နှစ်ကျော်ပြီ။ ညည ကြမ်းပိုးကိုက်လို့ ကောင်းကောင်း မအိပ်ရဘူး။ ငါတို့က အသက်ကြီးပြီဆိုတော့ ကြမ်းပိုးကိုက်လို့ နိုးလာရင် ပြန်အိပ်မပျော်တော့ဘူး။ မနက်ကျတော့လည်း အလုပ်သွားဘို့ ၅ နာရီလောက်မှာ ထရတာ ဟု ပြောပါသည်။

            အဘွားအိုအတွက် ကျွန်တော် ၀မ်းသာမိပါသည်။ ကြမ်းပိုးကိုက်၍ နိုးလာသော ကျွန်တော်ပင်လျှင် အိပ်ပျော်အောင် ပြန်အိပ်ရေးအတွက် အခက်အခဲရှိသဖြင့် အဘွားအိုကို ကိုယ်ချင်းစာပါသည်။   

 

(၃)

 

            အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် အစာငတ်ခံဆန္ဒပြသူ Anna Hazare ကို အိန္ဒိယအစိုးရက သြဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ Anna Hazare က ဂန္ဒီကြီး၏လမ်းစဉ်အတိုင်း ငြိမ်းချမ်းစွာပင် ဆန္ဒပြခဲ့သည်။ လူထုက သူ့ကို ပြင်းပြင်းထန်ထန် ထောက်ခံခဲ့သည်။

            အသက်စွန့်လွှတ်ဘို့ရာပင် ၀န်လေးသူမဟုတ်သည့် အသက် ၇၄ နှစ်ရှိပြီဖြစ်သော သည်အဖိုးကြီးကို အိန္ဒိယအစိုးရက နောက်ဆုံးတော့ လက်လျှော့ပေးလိုက်ရသည်။ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် သူတို့မူဝါဒများကို ပြန်လည် ပြင်ဆင် ပေးမည်ဟု သဘောတူပါသည်။ အဖိုးကြီးအစာပြန်စားချိန်တွင် သူ့ပတ်ဝန်းကျင်၌ သူ့ကိုချစ်သော ပရိတ်သတ်ကြီးက ၀ိုင်းအုံနေကာ သမီးကလေးနှစ်ယောက်က ပျားရည်ရောထားသော အုန်းရည်ကို တိုက်သည်။

 

သည်သတင်းကိုဖတ်ရတော့ ကျွန်တော် အတော်လေး ၀မ်းသာမိပါသည်။ သည်ကုလားအဖိုးကြီးအားလည်း ဂန္ဒီကြီး ကို ချစ်သကဲ့သို့ ချစ်မိသွားရပါ၏။ ကျွန်တော်သည်ပင် သည်အဖိုးကြီးကို သည်မျှလေးစားချစ်ခင်ရပါလျှင် သူအနစ်နာခံ လုပ်ပေးနေသော သူ့ပြည်သူပြည်သားများကား မည်သို့ရှိချိမ့်မည်နည်း။ ယခင်က သူ့ကို ပြင်းပြင်းထန်ထန်ပြောခဲ့သော်ငြား ပြည်သူများ၏ ဆန္ဒကို လိုက်လျောခဲ့သော အိန္ဒိယအစိုးရကိုလည်း လေးစားမိပါသည်။

            သည်ဖြစ်ရပ်ကလေးကို တွေ့ရတော့ ကျွန်တော်သတိမရဘဲ မနေနိုင်သူမှာ ဆရာကြီးဒေါက်တာ ဆလိုင်းထွန်းသန်းပင် ဖြစ်ပါသည်။ ဆရာကြီးအတွက် အတော်စိတ်မကောင်းဖြစ်မိပါသည်။

 

(၄)

 

သည်သတင်းများကိုဖတ်ရတော့ ကိုယ့်ကိုယ့်ကိုယ် အတော်လေး သနားမိသွားပါသည်။ စိတ်မကောင်းခြင်းလည်း ကြီးစွာ ဖြစ်ရပါ၏။ ယခု ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင်ပြောနေသော မိခင်ဧရာဝတီကြီး ငါးပါးမှောက်စေမည့် အဇာတသတ် စီမံကိန်းကြီးကို ကျွန်တော်တို့ so call အစိုးရသစ်ကြီးသည် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးပါမည်နည်း။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက သဘောမတူသည့်ကိစ္စကို အရေးတယူလုပ် ဆောင်ရွက်ပေးပါမည်လား။

တရုတ်ကလည်း ယူလို့ရတာ အကုန်ယူ ဟူသောစိတ်ထားဖြင့် ဧရာဝတီမြစ်ကို ရေကြောင်းသွားလာရေးအတွက် အသုံးချဘို့ရာ မြန်မာအစိုးရနှင့် လာညှိပြန်သည်။ ဟို ကုလားအုပ်ပုံပြင်ထဲကလို ပထမတော့ ခေါင်းလေး ၀င်ပြစေ။ နောက်တော့ ရှေ့ခြေ ကလေး ၀င်ပြစေ။ နောက်တစ်ကိုယ်လုံး တဲထဲရောက်လာတော့ တဲရှင်မှာ တဲအပြင်ထွက်ပေးလိုက်ရသကဲ့သို့ ကျွန်တော်တို့ လည်း မည်သည့်ကာလတွင် တဲအပြင်ထွက်ပြေးရမည် မသိ။ မန္တလေးကလူတွေတော့ အကုန် မြို့သစ်တွေ ရောက်ကုန်ပြီ။ ယခုလည်း တရုတ်က ရန်ကုန်ထိ အမြန်ရထားလမ်း ဖောက်ဖို့လုပ်နေသည်။ သည်ကိစ္စအားလုံးကို သည်ပရောဂျက်များအား မှီ၍ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာနေသူ သူတို့ သမီးယောက်ဖများမှလွဲ၍ ကျန်ပြည်သူတစ်ရပ်လုံးက လားလားမှ သဘောတူတာမဟုတ်။ သို့သော် ထို အစိုးရဆိုသူတို့သည် ကျွန်တော်တို့ပြည်သူဆန္ဒများကို ဖုတ်လေသည့် ငါးပိ၊ ရှိသည်ဟုမှ သဘောထားပါလေသလား။  

ကြည့်ပါခင်ဗျား။ ဖားကန့်ပါတဲ့။ ကျွန်ုပ်တို့ မြန်မာပြည်ကြီးကို အူအသည်းပြောင်းပြန်လှန်ကာ ရှိသမျှကလီစာ အကုန်ထုတ် ရောင်းစားနေကြတာ တစ်နိုင်ငံလုံး ဤအတိုင်းချည်းမှတ်ပါ။  

ဤပုံမှာ 7 Day News ဂျာနယ်၊ အတွဲ ၁၀၊ အမှတ် ၂၁ ရှေ့မျက်နှာဖုံးတွင် ပါသော သတင်းဓါတ်ပုံဖြစ်ပါသည်။ မူလက သစ်တောဝါးတောကြီးများဖြင့် နေပြောက်မထိုးအောင် စိမ်းစိုနေသော သစ်တောကြီးများမှာ ယခု တလင်းပြင် ဖြစ်နေပါပြီ။ ဤဓါတ်ပုံမှ ဟိုး မိုးကုတ်စက်ဝိုင်းထိ ကြည့်လိုက်စမ်းပါ။ သစ်ပင်ဘယ်နှပင်တွေ့ရပါသနည်း။ အမိမြေကြီးကို ခုတ်ထစ်၊ ဆစ်ပိုင်း ထားလိုက်ကြသည်မှာ တရုတ်ပြည်ကိုပင် အတိုင်းသား မြင်နေရလောက်ပါပြီ။

မေလထုတ် Living Color မဂ္ဂဇင်းပါ ဓါတ်ပုံမှာ ရွှေကျင်နေကြပုံဖြစ်ပါသည်။ တောင်ကြီးများကို မြင်းကောင်ရေ ၅၀၀ မှ ၁၀၀၀ ရှိ အင်ဂျင်ကြီးများဖြင့်မောင်းသော ရေပိုက်လုံးကြီးများဖြင့် ဖြိုချနေကြသည်မှာ ကြောက်မက်ဖွယ်ဖြစ်ပါသည်။ ထိုရွှံရေများသည် ချင်းတွင်းမြစ်အတွင်း စီးဝင်ကာ ယခု ချင်းတွင်းမြစ်မှာ တစတစ တိမ်ကောလာရာ နွေအခါတွင် သင်္ဘောများမသွားနိုင်သည့် အခြေအနေသို့ ဆိုက်လာပါပြီ။ မိုးတွင်းတွင်ပင်လျှင် စိတ်ချလက်ချ မောင်းလို့မရတော့။ ရေစူးမှာ အလွန်တိမ်သွားသဖြင့် သောင်တင်မှုများ မကြာခဏဖြစ်လာကာ မြစ်ညာရောက်သည်ထိ ဆန်မတက်နိုင်တော့ပါ။ ကျွန်တော်အချိန်ရလျှင် ဤဆောင်းပါးကိုလည်း ပြန်လည်ဝေမျှပါမည်။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) ဘေးနားတွင် ကျောပြင်ကြီးတစ်ခု ရှိပါသည်။ ယခင်က ကျွန်တော်တို့ရွာအပါအ၀င် အနီးပတ်ဝန်းကျင်ရွာများမှ ထိုကျောပေါ်တွင် မိုးအခါ နွားတက်ကျောင်းသည်။ တောင်ယာ ခုတ်သည်။ ဆောင်းအခါများ၌ မြေပဲစိုက်ကြသည်။

ယခုမူ ဗိုလ်မှူးဘယ်သူဆိုလား ရောက်လာကာ ထိုကျောပြင်ကြီးတစ်ခုလုံးကို သူ့ယောက္ခမထံမှ အမွေရထားသည့် မြေအလား ၀င်းခြံခတ်လိုက်ပါသည်။ ရှိသမျှအပင်များအားလုံး ခုတ်ကာ သီဟိုလ်စိုက်မည်ဆိုလား လုပ်ပါသည်။ ကျွန်တော်တို့ရွာမှ ဆယ်တန်းလောက်ထိ ကျောင်းတက်ဖူးသော ကောင်လေးများပင် စာရေးသွားလုပ်နေပါသေး၏။ ယခင်က စိမ်းစိုညို့မှိုင်းနေ သော ကျောကြီးမှာ ယခုတော့ ပြောင်တလင်းဖြစ်နေပါပြီ။ ထိုမျှသာမက အနီးတွင်ရှိသမျှ ၀ါးရုံအားလုံးကို သိမ်းကျူံးခုတ်ကာ ပျော့ဖတ်အဖြစ်လာဝယ်သော လော်ရီကားကြီးများသို့ ရောင်းပါသည်။ အောင်မယ်၊ ကျွန်တော့်တူမယောက်ျား၊ ကျေးရွာလူကြီး တောင် ကန်ထရိုက်ယူ လုပ်နေပါသေး။ ၀ါးပင်ကို အပင်ခုတ်ရုံမျှသာမက အမြစ်ကိုပါတူးယူတာ ဟု အဖေကြီးက ရင်ထုမနာ ပြောပါသည်။ မည်မျှဆိုးပါသနည်း။

 ကျွန်တော်ငယ်စဉ်က သစ်ဝါးလိုလျှင် အဖေကြီးနှင့် သားအဖနှစ်ယောက် မနက်ဝေလီဝေလင်းသွား။ နေ့လည်စာစားအမီ ၀ါးလှည်းတစ်စီးနှင့် ပြန်လာနိုင်ပါသည်။ ယခုတော့ တစ်ညအိပ်သွားတာတောင် ၀ါးကောင်းကောင်းမရတော့ဟု ကျွန်တော့် တူများက ပြောပြပါသည်။ ဤသည်မှာ ကောင်းသည့် အလားအလာပါလား။

 

(၅)

 

ကျွန်တော်ပြီးခဲ့သည့်တစ်ခေါက် ရန်ကုန်ပြန်တော့ နေပြည်တော်ဆိုတာကြီးကို သွားလေ့လာပါသည်။ အလွန်ကောင်းမွန်၊ ကျယ်ပြောလှသော ၈ လမ်းသွား ၁၀ လမ်းသွားလမ်းမကြီးများပေါ်တွင် တစ်စီးတလေမှလွဲ၍ ကားများကို မတွေ့ခဲ့ရပါ။ လူသူ ဆိတ်သုဉ်းနေသည့် များပြားလှစွာသော ၀န်ထမ်းတိုက်တန်းလျားများတွင်မူ မီးများထိန်ထိန်လင်းနေပါသည်။ လူသူနည်းပါးလှ သော ရေကန်ပတ်လည်ကိုတော့ မီးပြေးများဖြင့် အလှဆင်ထား၏။ ကားရှိသူများသာ လာနိုင်သည့် ရေပန်းဥယျာဉ်ကိုလည်း တောထဲတွင် ဟီးနေအောင် ပြင်ထားပါသည်။ ယခုလည်း မိုင် ၃၀ ရှည်မည့် မြေအောက်ရထားလမ်းကို ဖောက်ဦးမည်။

ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ဖွဲ့ပြီး လစဉ်လှူနေတော့ အလှူနေရာများစုံစမ်းရန် မြန်မာပြည် တစ်နံတစ်လျားရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများစွာသို့ ရောက်ခဲ့ပါသည်။ များစွာသော မူလတန်းကျောင်းကလေးများမှာ နွားတင်းကုပ်သာသာမျှသာ ဖြစ်ပါသည်။ လေးတိုင်စင်ထိုးလျှက် သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက် ဖြစ်ပါသည်။ ကာထားသော ထရံမှာ ပိုက်ဆံမရှိလို့ ထပ်မကာနိုင်တော့သည်နှင့် ဆွေးမြေ့ပေါက်ပြဲ ကျနေတာ များပါသည်။

ဤအကြောင်းများ ကျွန်တော့်တွင် ဓါတ်ပုံမှတ်တမ်းများနှင့် ကျကျနနရှိပါသည်။ သိလိုသူများ အောက်ပါလိပ်စာသို့ အချိန်မရွေး လာမေးကြပါ။

သို့ဆိုလျှင် -

မြေကြီးပေါ်ထိုင်ပြီး သည်အတိုင်းစာသင်နေရသော ကလေးများအရေးထက် မည်သူမျှမနေသော၊ မည်သူမျှ မသွားသော သည်အိမ်နှင့် လမ်းမကြီးများက ပိုအရေးကြီးပါသလော။

ငတ်ပြတ်နေသော ပြည်သူများအရေး၊ နာဂစ်လေဘေး၊ ရခိုင်လေဘေး၊ ပဲခူးရေဘေး၊ မန္တလေးရေဘေး စသဖြင့် သဘာဝ ဘေးအန္တရာယ်များကြောင့် အတိဒုက္ခရသော ပြည်သူများအရေးထက် မည်သူမျှ စီးမည်မဟုတ်သော မြေအောက်ရထားလမ်း က ပိုပြီး အရေးကြီးလှပါသလော။

 

(၆)

 

ကြမ်းပိုးကိုက်တာကို ပိုက်ဆံများစွာအကုန်ခံပြီး အရေးစိုက်ပေးသော ဒေါက်တာနီယို၊ ပြည်သူများအတွက် အသက်သေသေ ဆိုပြီး အစာငတ်ခံဆန္ဒပြခဲ့သော Anna Hazare ၏ ဆန္ဒကို လိုက်လျောခဲ့သော အိန္ဒိယအစိုးရ - တို့၏ သတင်းများကို ဖတ်မိသောခဏ -

ကျွန်တော် -

ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့ပြည်သူများအတွက် အလွန်အင်မတန် စိတ်မကောင်းဖြစ်မိ၊ များစွာမှ ၀မ်းနည်းမိပါ တော့သည်။

 

အေးငြိမ်း

၃၀။၈။၂၀၁၁ နံနက်လင်းအားကြီး ၂ နာရီ ၅၄ မိနစ်

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Email: y_nyein@yahoo.com.sg

Tel: (65)97393927

Blog: http://shwenyein.blogspot.com


--

           တေလေ

No comments:

Post a Comment

daweiit@gmail.com